မိုးရေစက်တွေမြင်တိုင်း လွမ်းသလိုလိုခံစားနေရတတ်တာ ဘာကြောင့်လဲ
မိုးရာသီဆိုတာ အလွမ်းဓာတ်ခံ ရှိသူတွေအတွက်တော့ အတွေးကမ္ဘာတွေထဲ အလည်ခေါ်သွားစေမယ့် ရာသီကာလတစ်ခုပါပဲ။ အုံ့ဆိုင်းနေတဲ့ မိုးသားတိမ်တိုက်တွေ၊ တစ်ဖြောက်ဖြောက်ကနေ အငြိုးနဲ့ မစဲတော့ဘဲ ရွာနေတဲ့ မိုးစက်တွေ၊ လေထုထဲက အေးမြတဲ့ အထိအတွေ့နဲ့ မိုးရွာပြီးလို့ ထွက်လာတဲ့ မြေသားအနံ့သင်းသင်းလေးတွေ၊ ဒါတွေအားလုံးက ကျွန်တော်တို့ရဲ့ အတွေးအာရုံတွေကို အတိတ်တွေဆီ မကြာခဏ ပြန်ခေါ်သွားလေ့ရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အဖြစ်များတဲ့ အကြောင်းရင်းတွေကို ပြောပြပေးရမယ်ဆိုရင် -
၁။ ပြိုကွဲပြီးသား မြေဆီလွှာတွေဟာ မိုးရေနဲ့ ထိတွေ့ပြီး စိုစွတ်ပြီးနောက်မှာ မြေကြီးထဲမှာရှိတဲ့ အာဟာရဒြပ်ပေါင်းတွေနဲ့ ဓာတ်ပြုပြီး မြေသားအနံ့လေး ထွက်လာတတ်ပါတယ်။ မြေသားအနံ့ကို ရှူရှိုက်မိတဲ့အခါ သူ့ထဲမှာပါတဲ့ Chemical တွေက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး ဦးနှောက်အာရုံကြောစနစ်ရဲ့ လွမ်းဆွေးတဲ့ ဟော်မုန်းတွေကို ပိုမိုထုတ်လွှတ်ပေးဖို့ လှုံ့ဆော်ပေးပါတယ်။
၂။ မိုးတွင်းကာလ အအေးဓာတ်ဟာ လူတွေရဲ့ စိတ်ကို သက်သောင့်သက်သာဖြစ်စေပြီး ကောင်းမွန်တဲ့ဟော်မုန်းတွေ ပိုထွက်စေတယ်၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေပြီး တင်းမာတာတွေကို ပြေလျော့စေတယ်။ အပြင်လောကမှာ ကိုယ့်စိတ်ကို အာရုံထွေပြားစေမယ့် ကိစ္စတွေ နည်းလာတာနဲ့အမျှ လူတွေရဲ့ သဘာဝအတိုင်း ရောက်တတ်ရာရာ လျှောက်တွေးရင်း အတိတ်က ဖြစ်ခဲ့တဲ့ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ၊ နာကျင်စရာ၊ နွေးထွေးစရာကောင်းတဲ့ အမှတ်တရတွေကို ပြန်ပြီး သတိရမိတတ်ကြပါတယ်။
၃။ မိုးရွာပြီဆိုရင် လူအများစုက အပြင်သွားလာတာမျိုးထက် အိမ်ထဲမှာပဲ အနေများလာကြတယ်၊ လေ့ကျင့်ခန်းတွေ ထွက်မလုပ်တော့ဘူး၊ Gym မသွားဖြစ်ဘဲ နားလိုက်ကြတယ်၊ ကိုယ့်အတွက် စိတ်သက်သောင့်သက်သာဖြစ်စေတဲ့ အိမ်ထဲမှာပဲ နားနားနေနေ နေရတဲ့အပြင် ရာသီဥတုရဲ့ အချမ်းဓာတ်လေးက ကိုယ့်ဘက်ပါနေတော့ လှုပ်ရှားနေတာမျိုးတွေ သိပ်မလုပ်ဘဲ လဲလျောင်းလိုက်၊ ထိုင်လိုက်၊ အဝေးတစ်နေရာကို ပြတင်းပေါက်ကနေ ငေးကြည့်နေလိုက် လုပ်တဲ့အခါ စိတ်အာရုံကို အတွေးတွေနဲ့ ဖြည့်တင်းပေးဖို့ အလုပ်ပေးလိုက်သလို ဖြစ်သွားတတ်ပါတယ်။
၄။ မိုးတွင်းဆိုရင် ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်း နွေးနွေးလေးသောက်ရင်း မိုးရွာနေတဲ့ အပြင်လောကကြီးရဲ့ အဝေးတစ်နေရာကို ငေးကြည့်ရတာ တကယ့် အေးချမ်းတဲ့ အရသာပါပဲ။ ဒီလို အပြင်ဘက်က အအေးဓာတ်နဲ့ ကော်ဖီရဲ့ အနွေးဓာတ်တွေ ပေါင်းစပ်သွားတဲ့အပြင် ကဖင်းဓာတ်လေးကပါ ကူညီအားဖြည့်ပေးတော့ အေးချမ်းမှုနဲ့ နွေးထွေးတဲ့ ခံစားချက်ကို ရောယှက်ခံစားမိသွားတတ်ပါတယ်။
၅။ နောက်ဆုံးအချက်အနေနဲ့ လူ့သဘာဝပါပဲ။ ကျွန်တော်တို့ လူတွေဟာ အတွေးပုံရိပ်ချဲ့ရတာ၊ အတွေးလွန်ရတာကို အရမ်းဝါသနာပါသလို၊ ကိုယ်တိုင်ရဲ့ ထိန်းချုပ်မှုအောက်မှာမရှိဘဲ စိတ်ရဲ့ထိန်းချုပ်မှုအောက်မှာ နေနေတတ်တဲ့အခါ ဒီစိတ်ကို စုစည်းမှုနည်းသွားစေမယ့် အပြင်အလုပ်တွေ မလုပ်ဘဲနေလေလေ၊ ကိုယ့်ရဲ့အကျင့်အတိုင်း ပြီးခဲ့တဲ့အတိတ်က အရာတွေကို ပြန်တွေးမိတဲ့အကျင့်က ပြန်ပေါ်လေလေ ဖြစ်တတ်ပါတယ်။
ဒီတော့ အချုပ်အားဖြင့် ပြောရမယ်ဆိုရင်
- Nostalgia လို့ခေါ်တဲ့ တွေးတောငေးမောရင်း လွမ်းဆွတ်တဲ့ခံစားချက်ဟာ အေးမြတဲ့ ရာသီဥတုတွေမှာ ပိုဖြစ်တတ်ပါတယ်။
- စိတ်ကျန်းမာရေးပြဿနာမဟုတ်ဘဲ လူတိုင်းလိုလိုမှာ ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ တွေးခေါ်မှုပိုင်းဆိုင်ရာ အကျင့်တစ်ခု ဖြစ်ပါတယ်။
- ငေးမောနေချိန်မှာ တွေးမိတဲ့အရာတွေက ပျော်ဖို့ကောင်းတာထက် ဝမ်းနည်းဖို့ ကောင်းတဲ့အရာတွေ ဖြစ်တာပိုများတတ်လို့ အဆွေးဓာတ်ခံသမားတွေက မိုးတွင်းကာလကို ပိုကြိုက်တတ်ကြပါတယ်။
- စိတ်ဓာတ်ကျသူတွေ၊ စိတ်ဖိစီးမှုများသူတွေဟာ မိုးတွင်းမဟုတ်ဘဲနဲ့လည်း အဝေးကို ငေးကြည့်ရင်း အတွေးလွန်တတ်တဲ့ အပြုအမူတွေကို မကြာခဏ ပြုလုပ်တတ်ပါတယ်။
တစ်ခါတလေ ကိုယ့်ရဲ့စိတ်ကို ပေါ့ပါးစေဖို့၊ စိတ်အစာကျွေးတဲ့အနေနဲ့ အတိတ်တွေဆီကို ငေးမောလွမ်းဆွတ်တာဟာ စိတ်ကျန်းမာရေးအတွက် ကောင်းတဲ့အကျင့်တစ်ခုဆိုပေမယ့် တန်ဆေး၊ လွန်ဘေးဆိုတဲ့အတိုင်း ဒါကိုပဲ အချိန်ကုန်ခံလုပ်ပြီး ခဏခဏ အတွေးလွန်နေတတ်ရင်တော့ အကျင့်ဖြစ်သွားတတ်တာကို သတိပြုသင့်ပါတယ်။
ရဲမျိုးမြတ်